နည်းစနစ်

ကြက်သွန်နီကို အခွံခွာကြည့်ပါ

The onion tool can peel back layers to expose desires and needs at the core. Photo: theilr | CC BY-SA 2.0

အတိုချုံးပြောရရင်

လူတွေ၊ အဖွဲ့အစည်းတွေထားရှိတဲ့ ရပ်တည်ချက်ဟာ သူတို့တရားဝင်ထုတ်ဖော်ပြောကြားထားတာထက် ပိုရှုပ်ထွေးပါသည်။ သင့်လှုပ်ရှားမှုရဲ့ မဟာမိတ်များ၊ အတိုက်အခံများကို အသေအချာ စမ်းစစ်လေ့လာခြင်းဖြင့် မဟာမိတ်ဖြစ်နိုင်သူများ၊ အာဏာကိုကိုင်ဆွဲထားသူများက ဘယ်သူတွေလဲဆိုတာကို သိရှိနားလည်နိုင်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဖြစ်ချင်တဲ့သူအတိုင်း လိုက်ပြီး ပြုမှုဟန်ဆောင်တက်ကြပါသည်။ ဒါ့ကြောင့် ကျွန်ုပ်တို့ဘယ်လိုပြုမှုဟန်ဆောင်နေလဲ ဆိုတာကို သတိအမြဲရှိဖို့ အရေးကြီးပါသည်။

— Kurt Vonnegut Jr.

အစများ

ကြက်သွန်နီနည်းလမ်းကို Ian Mitroff နှင့် Thierry Pauchant တို့က အကျပ်အတည်းများနှင့် ပဋိပက္ခများကို စီမံခန့်ခွဲတွင်အသုံးပြုရန် ၁၉၉၀ ခုနှစ်များတွင် စတင်တီထွင်ခဲ့ပြီး နောက်ပိုင်းတွင် အခြားအဖွဲ့အစည်းများလဲ onion tool ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

နိုင်ငံရေးသမားများနှင့် အာဏာရှိသူများအပါအဝင် လူအများအပြားသည် ကျွန်ုပ်တို့ထင်ထားသလောက် ရိုးရှင်းပြီး လွယ်လွယ်ကူကူသဘောပေါက်နားလည်နိုင်သည့်သူများမဟုတ်ပါ။ သူတို့ဘာလိုချင်လဲ၊ ဘာလိုအပ်လဲဆိုတာကို ထုတ်ဖော်ပြောလေ့ပြောထမရှိပါ။ သူတို့တွေ ဘာတွေလိုချင်လဲ၊ ဘာတွေကိုစိတ်ဝင်စားလဲ၊ သူတို့ခံယူချက်တွေက ဘာတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိနိုင်ပါ။ Onion tool ကိုသုံးပြီး အာဏာရှိသူတစ်ဦးအတွက် ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို နားလည်အောင်လုပ်နိုင်ပြီး သူ့ကိုမဟာမိတ်အဖြစ် ဆက်ဆံမလား၊ အတိုက်အခံအနေနဲ့ ဆက်ဆံမလားဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်ပါသည်။

ကြက်သွန်နီနည်းလမ်းကိုအသုံးပြုခြင်းဖြင့် သြဇာအာဏာရှိသူတစ်ဦး ဘာတွေစိတ်ဝင်စားလဲ၊ ဘာတွေလိုအပ်လဲ၊ သူ့ရဲ့ခံယူချက်ကဘာလဲဆိုတာကို သိအောင်လုပ်နိုင်ပါသည်။

ရပ်တည်ချက် ဆိုသည်မှာ မိမိတို့ဘာလိုချင်လဲဆိုတာကို ပြောခြင်းဖြစ်ပါသည်။ သို့သော် အထူးသဖြင့် သြဇာအာဏာရှိသော နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များပြောသော စကားများသည် ပြောသည့်အတိုင်းဟုတ်မနေပါ။ သူတို့ပြောသောစကားတိုင်းကို အမှန်အတိုင်းယူဆမည်ဆိုပါက ကျွန်ုပ်တို့အနေနှင့် ပကတိအခြေအနေအမှန်ကို သိနိုင်မည်မဟုတ်ပါ။ သို့သော် အဲလိုပြောခြင်းကြောင့် ကျွန်ုပ်တို့အနေနှင့် သူတို့ပြောသမျှစကားတိုင်းကို မယုံရဘူးဟု မဆိုလိုပါ။ သူတို့ပြောသည့်စကားများကို သေချာနားထောင်ပြီး ချင့်ချိန်ပြီးသာယုံသင့်သည်ဟု ပြောခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့အနေနှင့် လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် နည်းလမ်းများရှာဖွေသည့်အခါ ရာထူးအာဏာရှိသူများ ဘာတွေလိုချင်လဲ၊ ဘာတွေကိုစိတ်ဝင်စားလဲ၊ သူတို့ခံယူချက်တွေက ဘာတွေလဲဆိုတာကို သိနိုင်အောင် သေချာလေ့လာအကဲဖြတ်ရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း လူတစ်ယောက် စိတ်ဝင်စားသည့်အရာ ဆိုသည်မှာ သူအမှန်တကယ်လိုချင်တဲ့အရာကို ဆိုလိုခြင်းဖြစ်သည်။ လူတစ်ယောက်ဘာကို စိတ်ဝင်စားလဲဆိုတာက တစ်ခါတစ်လေကြည့်ရုံနဲ့ မသိနိုင်ပါ။ ဥပမာအားဖြင့် နိုင်ငံရေးသမားတစ်ဦး၏ စိတ်ဝင်စားမှုသည် အာဏာပိုမိုခိုင်မြဲစေရန်နှင့် ပိုမိုချမ်းသာကြွယ်ဝစေရန်ဖြစ်နိုင်သည်။ Coca-Cola သို့မဟုတ် Shell ကုမ္ပဏီ၏ စိတ်ဝင်စားမှုသည် စားသုံးသူများထံမှ ငွေကြေးအမြတ်အစွန်းများ ပိုမိုရရှိရန်ဖြစ်သည်။ လူအများရှေ့တွင်တော့ မိမိတို့နိုင်ငံကောင်းကျိုး အတွက် ဆောင်ရွက်ချင်တယ်လို့ ပြောရင်ပြောနေလိမ့်မယ်၊ ဒါမှမဟုတ် Coca-cola သောက်သူများကို ပျော်ရွှင်အောင်လုပ်ပေးချင်တယ်လို့ ပြောရင်ပြောနေလိမ့်မယ်။ အမှန်တကယ်တော့ သူတို့လိုချင်သည်ဟုပြောနေတာနှင့် သူတို့အမှန်တကယ်လိုချင်တာက မတူညီပါ။

လူတစ်ယောက်အတွက် အရေးအကြီးဆုံးသည် သူ့အတွက် မရှိမဖြစ်လိုအပ်သည့်အရာများ ဖြစ်သည်။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာတွေမှာ သူကိုင်စွဲထားတဲ့စံတန်ဖိုးများ၊ အယူဝါဒများ၊ ကျင့်ဝတ်များ၊ ပေးထားတဲ့ကတိကဝတ်များ စသည့် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်သည်။ ဒါတွေက လူတစ်ယောက်ရဲ့အတွင်းစိတ်ထဲမှာရှိပြီး တော်ရုံတန်ရုံ ထုတ်ပြလေ့မရှိသည့်အတွက် လူတစ်ယောက်ရဲ့အတွင်းစိတ်ကို သိရှိနားလည်နိုင်ဖို့ ခက်ခဲပါသည်။

ဒါဆို ဒါတွေအားလုံးက လှုပ်ရှားမှုနဲ့ ကမ်ပိန်းပြုလုပ်ခြင်းနဲ့ ဘယ်လိုသက်ဆိုင်နေလဲ။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် နည်းလမ်းများရှာဖွေပါက ရာထူးအာဏာရှိသူများ ဘာတွေလိုချင်လဲ၊ ဘာတွေကိုစိတ်ဝင်စားလဲ၊ သူတို့ခံယူချက်တွေက ဘာတွေလဲဆိုတာကို သိနိုင်အောင် သေချာလေ့လာအကဲဖြတ်ရမည်ဖြစ်သည်။ ရာထူးအာဏာရှိသူများအကြောင်းကို ထဲထဲဝင်ဝင်နားလည်သဘောပေါက်အောင်လုပ်ခြင်းဖြင့် မိမ်တို့လှုပ်ရှားမှုအတွက် အတိုက်အခံကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်မည်ဖြစ်သည်။ မိမိအတိုက်အခံနဲ့ ဆက်သွယ်စကားပြောတဲ့အခါလည်း ဗျူဟာကျကျ၊ လိုအပ်ရင် သံတမန်နည်းကျကျ ပြောဆိုဆက်သွယ်နိုင်မည်ဖြစ်ပြီး ဘယ်သူတွေက မဟာမိတ်ဖြစ်နိုင်လဲဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။

သူတို့၏ရပ်တည်ချက်များကို လူအများသိပြီးသားဖြစ်ပေမယ့် သူတို့ဘာကို တကယ်စိတ်ဝင်စားလဲဆိုတာကို မသိနိုင်ပါ။ တစ်ခါတစ်ရံတွင် မိမိအတိုက်အခံများက ဘာလိုချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို အများကသိအောင်လုပ်မယ်ဆိုရင် သူတို့အပေါ် လူထု၏ယုံကြည်မှုများ ကျဆင်းသွားနိုင်ပြီး သင့်လှုပ်ရှားမှုကို ထောက်ခံသူပိုမိုများပြားလာနိုင်ပါသည်။

သင့်လှုပ်ရှားမှုတွင် ပါဝင်သူများ သူတို့ပါးစပ်ကလိုချင်တယ်လို့ပြောတာရယ်၊ သူတို့တကယ်လိုချင်တာရယ်၊ သူတို့ဘဝမှာ မရှိမဖြစ်လိုနေတာရယ် ဒီသုံးချက်ကို သေသေချာချာ ခွဲခြားနားလည်နိုင်မယ်ဆိုရင် လှုပ်ရှားမှုပြုလုပ်ရာမှာ အထောက်အကူဖြစ်စေပါသည်။ ဥပမာအားဖြင့် အဖွဲ့သားများကြား သဘောထားကွဲလွဲမှုများ ကြုံလာသည့်အခါ onion tool ကိုအသုံးပြုပြီး ပြဿနာကို

ဖြေရှင်းနိုင်ပါသည်။ Onion tool သည် မိမိနှင့် မိမိအဖွဲ့ဝင်များအတွက် ဘယ်အရာများက အရေးကြီးလဲဆိုတာကို သိရှိအောင်လုပ်ဆောင်ပေးပြီး အဖွဲ့ဝင်များ ဘုံသဘောတူညီချက်များရအောင် ညှိနှိုင်းရာတွင် အထောက်အကူဖြစ်စေပါသည်။

ဘယ်လိုသုံးမလဲ။

  1. အရွယ်တူစက်ဝိုင်းသုံးခုကိုဆွဲပါ။

  2. အပြင်ပိုင်းက စက်ဝိုင်းထဲမှာ “ရပ်တည်ချက်များ”၊ အလယ်က စက်ဝိုင်းထဲမှာ “စိတ်ဝင်စားမှုများ”၊ အတွင်းပိုင်းက စက်ဝိုင်းထဲမှာ “လိုအပ်ချက်များ” ဆိုပြီးရေးပါ။

  3. ကြက်သွန်နီနည်းလမ်းကိုသုံးဖို့ လူတစ်ယောက်ကို နမူနာအနေနဲ့ရွေးချယ်ပါ။ ဒီလူဟာ သင်ဦးဆောင်နေတဲ့ လှုပ်ရှားမှုနဲ့သက်ဆိုင်သူ ဖြစ်ရပါမယ်။

  4. သူ့ရဲ့ရပ်တည်ချက်များက ဘာလဲဆိုတာ စဉ်းစားပါ။ သူဟာ ပြည်သူလူထုရှေ့မှာ ဘာတွေပြောထားလဲ။ သူတို့ဘာလိုချင်တယ်လို့ ပြောထားလဲ။

  5. သူဘာကိုစိတ်ဝင်စားလဲဆိုတာကို စဉ်းစားပါ။ သူတကယ် ဘာကိုစိတ်ဝင်စားတယ်ဆိုတာ ခန့်မှန်းနိုင်မလား။ သူတကယ်လိုချင်တာဘာလဲ။

  6. သူ့ရဲ့လိုအပ်ချက်တွေကိုလဲ စဉ်းစားပါ။ သူ့ဘဝမှာ မရှိဘဲမနေနိုင်တာ ဘာလဲ။ သူ့အနေနဲ့ ဘယ်အရာတွေပေါ်မှာ သူ့ဘဝကို လုံးဝမြှပ်နံထားလဲ။

  7. ဒီလိုလုပ်ခြင်းဖြင့် ဒီလူရဲ့စိတ်နေသဘောထားကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။ မိမိရဲ့လှုပ်ရှားမှုတွင် အဓိကကျသူများအားလုံး အတွက် ဒီနည်းလမ်းကို အသုံးပြုပြီး သူတို့အကြောင်းကို နားလည်သဘောပေါက်အောင်လုပ်ရန်လိုပြီး ဘယ်သူကတော့ အတိုက်အခံဖြစ်နိုင်လဲ၊ ဘယ်သူကတော့ မဟာမိတ်ဖြစ်နိုင်လဲဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်ပါသည်။

  8. သင့်ကမ်ပိန်း အရှိန်ရလာသည့်အခါ ဒီ onion tool ကို (see: METHODOLOGY: ပါဝါပြမြေပုံ.

    နဲ့အတူတွဲပြီး အသုံးပြုနိုင်ပါသည်။ Power mapping methodology ကို ကမ်ပိန်းနဲ့သက်ဆိုင်သူတွေက ဘယ်သူတွေလဲဆိုတာ သေချာသိအောင်လုပ်ရာမှာ အသုံးပြုပြီး onion tool ကို ကမ်ပိန်းနဲ့သက်ဆိုင်သူတွေအကြောင်းကို ပိုနားလည်အောင်လုပ်ရာမှာ အသုံးပြုနိုင်ပါသည်။